ရန်ကုန် ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်၊ တာဆီးထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းစောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊နေအိမ် ပြင်ပသို့ ထွက်ခွာသည့်အခါ တိုင်းပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့် သုံးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ ပူပေါင်းအဖွဲ့က ဦးဆောင်၍ ခရီးသွားဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များတပ်ဆင်ရေး လှုပ်ရှားမှု ပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် ဗဟန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး ပရဟိတ အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် ဗဟန်းမြို့နယ်ရွှေနံ့သာ ရပ်ကွက်၊ ရေတာရှည်လမ်းရှိ ဗဟန်းစျေးတို့တွင် စျေးရောင်း၊ စျေးဝယ်သူပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင် တားဆီးကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ခြင်း၊ မလိုအပ်ဘဲမသွားမလာခြင်း၊ ပြင်ပထွက်တိုင်း နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦးအနည်းဆုံး သုံးပေခန့် ခပ်ခွာခွာနေကြရန်၊ စျေးသည်များအနေဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းအပြင်၊လက်အိတ်၊ခေါင်းစွပ်များ တပ်ဆင် အသုံးပြုကြရန်နှင့် မိမိတို့ဆိုင်တွင် လက်သန့်ဆေးရည်များ ထားရှိကြရန်၊ စျေးဝယ်သူများကိုလည်း လက်ဆေး စေရန်တို့ကို တိုက်တွန်းနှိုးဆော်ခဲ့ပြီး ပါးစပ်နှင့်နှာခေါင်းစည်းများအား ခရီးသွားပြည်သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေ ပေးခဲ့သည်။
ထိုပြင်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကိုလည်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)