ရန်ကုန် ဖေဖော်ဝါရီ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေး စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ဆက်လက် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗဟန်း မြို့နယ်၊ ကြားတောရလမ်းရှိမင်္ဂလာစျေးဓမ္မာရုံနှင့် သိမ်ကြီးစျေး ဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက် ထိုးနှံကြသူများကို ကျန်းမာရေး ဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးတွင်း အောက်ဆီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ၊မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေးဝန်ထမ်း များက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း (၂၂) ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် သိမ်ကြီးစျေးဓမ္မာရုံတွင် ရပ်ကွက်အလိုက် ၁၈နှစ်နှင့်အထက် ပထမအကြိမ် ဆေးလာရောက် ထိုးနှံသူစုစု ပေါင်း (၆၆) ဦးရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန် လာရောက် ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)