သထုံမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး ကွင်းဆင်းစစ်ဆေး

သထုံ ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဆောင်ရွက်‌နေသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တည်ဆောက် ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

သွားရောက်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင် များ၊ တာဝန်ရှိသူများတို့က နန်းခဲရပ်ကွက်၊ လေသာလမ်းနှင့် ရှမ်းစုအလယ်တန်းလမ်းတို့ရှိ လမ်းဘေးအုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းနှင့် လိပ်အင်းရပ်ကွက်၊ မင်းလမ်းနှင့် ရန်ကင်းလမ်း‌ထောင့်၌ မြေထိန်းရေကာနံရံ တည်ဆောက်ရေးလုပ်ငန်း၊ သုဓမ္မဝတီမြို့သစ်၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများတို့ကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ တည်ဆောက် ပြီးစီးမှုအခြေအနေ၊ ခိုင်ခံ့မှု၊ ရေရှည်တည်တံ့မှု၊ စနစ်တကျဆောင်ရွက်နေမှု စသည့် အခြေအနေ တို့ကို စစ်ဆေးရာ တင်ဒါအောင်မြင်ပြီး ဆောက်လုပ်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူက ရှင်းလင်း ပြောကြာပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ဖြည့်စွက်ဆောင်ရွက်ပေးရေး ညှိနှိုင်းဆွေးနွေးခဲ့ကြ‌သည်။

အဆိုပါ လုပ်ငန်းများတွင် လမ်းဘေးအုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းနှင့် မြေထိန်းရေကာ နံရံတည်ဆောက်ရေးလုပ်ငန်းတို့ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ကာလ၊ မြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့ရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၅၃.၇ သန်းဖြင့် Sun Maritime Co.,ltd မှတာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး သုဓမ္မဝတီမြို့သစ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ပြည်နယ်ဘတ်ဂျတ်ရန်ပုံငွေကျပ် ၅၈.၄ သန်းဖြင့် Capital Building Engineering CBE Co.,ltd မှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)