မန္တလေး ဖေဖေါ်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော လျှပ်စစ်သွယ်တန်းတတ်ဆင်ခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မန္တလေး၊ မဟာအောင် မြေမြို့နယ်ရှိ ဟော်တယ်မန္တလေး တွင် ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးယဥ်ထွေးက အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဒေါ်မို့မို့သွင်(တိုင်းဦးစီးမှူး၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန)က အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးထင်အောင်က သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊လူမှုရေးဝန်ကြီး ဦးယဥ်ထွေး၊တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ မန္တလေးစက်မှုဇုန်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မန္တလေးစက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI)မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများ တက် ရောက်ကြသည်။
အဆိုပါသင်တန်းကို ပြည်ကြီတံခွန်မြို့နယ် စက်မှုဇုန်-၂ ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းတွင် သင်တန်းသား ၂၀ ဦးတို့အား လျပ်စစ်ဝါယာ သွယ်တန်းတတ်ဆင်ခြင်း လုပ်ငန်းများ ကို စာတွေ့လက်တွေ့ တစ်လကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးစီးပါက ပုဂ္ဂလိက စက်ရုံ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ တတ်မြောက်အောင် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း