မောင်တော ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sputnik V ထိုးနှံ ပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန် သတ်မှတ်စုရပ် နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်း များက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို နိုင်ငံဝန်ထမ်း ၄ ဦး၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ ၁ ဦး ၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၄၁၀ ဦး၊ မှီခိုသူ ၃၈၅ ဦး စုစုပေါင်း ၈၀၀ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)