မောင်တော ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြည်သူများအား သတ္တမအသုတ် ၊ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Covaxin ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီ အချိန် သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်း များက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း ၊ လာရောက်ထိုးနှံသည့် သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင် ပမာဏ တိုင်းတာခြင်း ၊ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ် တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် သတ္တမအသုတ် ၊ ပထမအကြိမ်အဖြစ် အခြားဝင်ငွေရှိသော လုပ်ငန်း လုပ်ကိုင်သူ ၂၃၅ ဦး ၊ မှီခိုသူ ၂၆၅ ဦး စုစုပေါင်း ၅၀၀ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)