ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

မောင်တော   ဖေဖော်ဝါရီ  ၁၅

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်ခန့် မြို့ပေါ်ရပ်ကွက်များအတွင်း နှိုးဆော်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်စော ဦးဆောင် ၍ တပ်ဖွဲ့ဝင်များ က ယခုအခါ ပွင့်လင့်ရာသီသို့ ရောက်ရှိနေပြီဖြစ်ပါသဖြင့် မိဘပြည်သူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ/ရုံး များတွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင်ကာကွယ်ရန် ထားရှိအပ်သော ရှေးဦးမီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ၊ တပ်ဆင်ထားရှိကြရန်လိုအပ်ကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူ့လူထုများ သိရှိနိုင်ရေးအတွက် အသိပေးလိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)