နမ့်ခမ်းမြို့နယ်တွင် " မလိုထင်းဖြူမီးပုံပွဲ " အတွက် မလိုထင်းဖြူများ ရောင်းချ၍ ဒေသခံကျေးရွာပြည်သူများက တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိ

နမ့်ခမ့်      ဖေဖော်ဝါရီ       ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် အတွင်းရှိ ဗုဒ္ဓဘာသာဝင် ပြည်သူများက တပို့တွဲလပြည့် အဖိတ်နေ့ညတွင် ပြုလုပ်သည့် " မလိုထင်းဖြူမီးပုံပွဲ " အတွက်အသုံးသည့် ဒေသအခေါ် မလိုထင်းဖြူများကို ရောင်းချ၍ ဒေသခံကျေးရွာပြည်သူများက တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။ 

နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများသည် အအေးဓာတ်လွန်ကဲသည့် တပို့တွဲလတွင် အနွေးဓာတ်ရရှိစေရန် ရည်မှန်း၍ ဗုဒ္ဓမြတ်စွာဘုရားထံ မီးပူဇော်လှူဒါန်းခြင်းကို တပို့တွဲလပြည့်အဖိတ်နေ့ညတွင်  ရိုးရာဓလေ့ အစဥ်အလာအရ မလိုထင်းဖြူများကို စုပုံပြီး စေတီပုံသဏ္ဍာန်ဖြင့် စီခွေအလှဆင်ကာ  မီးရှို့ပူဇော်လေ့ရှိသည်။ မီးပုံပွဲတွင် အသုံးပြုသည့် မလိုပင်သည် ငါးနှစ်ခန့်သာ ရှင်သန်သည့် အပင်မျိုးဖြစ်ပြီး အသားဖွကာ အရောင်ဖြူစွတ်၍ မီးလောင်လွယ်သည်။ မလိုပင်များကို ခုတ်ယူပြီး အခေါက်ခွာပစ်ခြင်း၊ အဖြူသား ပိုပေါ်လာစေရန် ဓားဖြင့်ခြစ်၍ အချောကိုင်ခြင်း ပြုလုပ်ကာ အခြောက်ခံ နေလှမ်းထားရသည်။ ရရှိလာသည့် မလိုထင်းဖြူများကို တပို့တွဲလပြည့် အဖိတ်နေ့မတိုင်မီ နှစ်ရက်သုံးရက်တွင် စတင်ရောင်းချနိုင်သည်။ တစ်နှစ်မှာ တစ်ကြိမ်သာ ဆင်နွှဲသည့် မလိုထင်းဖြူမီးပုံပွဲ ဖြစ်သည့်အတွက် မလိုထင်းဖြူများ ရောင်းကောင်းပြီး ဈေးကောင်းလည်း ရရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်ရှိ ဒေသခံကျေးရွာ ပြည်သူများမှ ရိုးရာဓလေ့ပွဲတော် " မလိုထင်းဖြူမီးပုံပွဲ " အတွက် အသုံးပြုသည့် မလိုထင်းဖြူများကို ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေများ ရရှိကြောင်း သိရှိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း )