မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၆)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မင်္ဂလာဒုံ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၃)ကျောင်းရှိ အသက်(၁၆)နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့်ဒု-လဝကမှူး ဒေါ်နှင်းဝေမင်း ဦးဆောင်သောအဖွဲ့က မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၃)ကျောင်းရှိ အသက်(၁၆)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ(၂၅၈)ဦးအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့ပြင်မင်္ဂလာဒုံမြို့နယ်၊ ကျောင်းများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မဆောင်ရွက် ရသေးသော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးမှသိရသည်။

သန္တာ(ပြန်/ဆက်)