ရန်ကုန် ဖေဖော်ဝါရီ ၁၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန် အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးမှကြီးမှူးကျင်းပသော၊ လူမှုရေးရာအသိပညာပေး သင်တန်းကိုယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) Community Centre ၌ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာစောနှင့် တာဝန်ရှိသူများ၊ ခရိုင်အတွင်းရှိ မြို့နယ်(၁၂)မြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုး သမီးရေးရာအသင်းမှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်း၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာရန်ကုန်အနောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းရုံးမှဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာစောက အဖွင့်အမှာစကား ပြောကြားပြီး၊ ဦးစီးမှူး ဒေါ်ထားထားဦးက အသက်(၁၈)နှစ်အောက်လူငယ်၊ လူရွယ်များတွင်ဖြစ်လေ့ဖြစ်ထရှိသော လူမှုရေးဆိုင်ရာ ကိစ္စရပ်များ၊ ကလေးသူငယ်များ ကြီးကြပ်မှုအခြေအနေ၊ လူငယ်လူရွယ်များအတွက် အကူအညီ လိုအပ်ချက်များကို၊ သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်း၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရခြင်း အခြေအနေ၊ လူငယ်လူရွယ်များတွင် ကြုံတွေ့လာနိုင်သည့် လူမှုရေးကိစ္စများကို ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများ၊ ကလေးသူငယ်များ ကြီးကြပ်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အကြောင်း၊ ကလေးသူငယ်များအား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းဆိုင်ရာ အကြောင်းအရာများကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍သင်တန်းတက်ရောက်လာကြသော သင်တန်းသူသင်တန်းသားများက မိမိတို့ သိရှိလိုသည့်လူငယ်၊ လူရွယ်များနှင့် ပတ်သက်သည့်လူမှုရေးဆိုင်ရာ အကြောင်းအရာများကို မေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားကြသည်။
အဆိုပါသင်တန်းသို့မြို့နယ်(၁၂) မြို့နယ်မှသင်တန်းသူသင်တန်းသား(၃၀)ဦး တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)