မိတ္ထီလာ ဖေဖော်ဝါရီ ၁၄
မိတ္ထီလာဒေသသို့ ဆောင်းရာသီကာလရောက်တိုင်း နှစ်စဉ်လာရောက်လေ့ရှိသော ဆောင်းခိုငှက်များသည် မိတ္ထီလာတောင်ကန်ပတ်ဝန်းကျင်၌ စတင်ရောက်ရှိ ကျက်စားလျက်ရှိကြောင်းသိရသည်။
မိတ္ထီလာဒေသကို ဆောင်းရာသီကာလရောက်တိုင်း နှစ်စဉ်လာရောက်လေ့ရှိတဲ့ ဆောင်းခိုငှက်မျိုးစုံ မိတ္ထီလာမြောက်ကန်ပတ်ဝန်းကျင်မှာ ရောက်ရှိကျက်စားနေကြတာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကုန်ပိုင်းနဲ့ ဇန်နဝါရီလဆန်းပိုင်းအချိန်ကတည်းက ဖြစ်ပေမယ့် မိတ္ထီလာတောင်ကန်ဘက်ကို တော့ အခုရက်ပိုင်းအတွင်းမှပဲ ရောက်ရှိလာတွေ့ရတယ်။ နှစ်စဉ် မိတ္ထီလာတောင်ကန်ဘက်ကို လာရောက်တဲ့ ဆောင်းခိုငှက်အများစုက ပေါက်ချောင်းရပ်ကွက် ကန်ပတ်လမ်းအနီးက ကန်ရေပြင်မှာ ကျရောက်ကျက်စားတာဖြစ်ပြီး ဒီနှစ်လည်း အဲဒီနေရာမှာ တွေ့မြင်နေရပြီဖြစ် ပါတယ်။ မိတ္ထီလာတောင်ကန်ဘက်မှာတော့ ပေါက်ချောင်းကန်ပတ်လမ်းပြီးရင် တောင်ကန် တောင်ဘက်ဖျားနားက လူးခင်ကြီးကျေးရွာနဲ့ နွားစမ်းတောင်ကျေးရွာအနီး ရေကန်စပ်တဝိုက်မှာလည်း ဆောင်းခိုငှက်တချို့ကို မြင်တွေ့ရတယ်ဟု ဒေသခံငှက်ကြည့်ဝါသနာရှင်တစ်ဦး ဖြစ်သူ ကိုရန်နိုင်လှက ပြောသည်။
မိတ္ထီလာမြောက်ကန်တွင် ယခုနှစ်ဆောင်းရာသီကာလ၌ ဆောင်းခိုငှက်များအား နန်းတော်ကုန်း ရပ်ကွက်မြောက်ဘက်ရှိ ကန်ရေဝပ်ဧရိယာ နေရာများတွင်လည်းကောင်း၊ ကုလားမကျွန်းကျေးရွာ၊ အုတ်နှဲဘုတ်ကျေးရွာ၊ အင်းပက်လက်ကျေးရွာနှင့် ကျောက်ဖြူကုန်းကျေးရွာ၊ ရွာမကျေးရွာများအနီးရှိ ကန်ရေဝပ်ဧရိယာများတွင် တွေ့ရှိရသည်။ ယခုနှစ်ဆောင်းရာသီကာလတွင် မိတ္ထီလာဒေသသို့ရောက်ရှိကျက်စား သောဆောင်းခိုငှက်များအား လေးခွဖြင့်ပစ်ခြင်း၊ ပိုက်ကွန်ဖြင့် ထောင်ခြင်း စသည့်နည်းလမ်းများဖြင့် ပြုလုပ်မှုများ ပိုမိုများပြားလာခြင်းကြောင့် ဆောင်းခိုငှက်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းမပြုစေရေး အသိပညာပေးခြင်းများ လိုအပ်လျက်ရှိကြောင်းသိရသည်။ မိတ္ထီလာဒေသတွင်နှစ်စဉ် ရောက်ရှိကျက်စားလေ့ရှိသည့် ခရုစုပ်ငှက်၊ ဒေါင်းလန်းခြေ ထောက်၊ ဝမ်းဘဲဟင်္သာ၊ မယ်ညို၊ ရေကြက်ဒုံ စသည့် ဆောင်းခိုငှက်အများအပြားကို အဆိုပါ နေရာများတွင် တွေ့မြင်နိုင်ကြောင်းသိရသည်။
ချမ်းသာ