ရွာငံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် အိုမီခရွန် ကူးစက်မြန်ရောဂါအကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်

ရွာငံ ဖေဖော်ဝါရီ ၁၄

ရှမ်း​ပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး အသိပေးချက်များနှင့် အိုမီခရွန် ကူးစက်မြန်ရောဂါအကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက ရပ်ကွက်များအတွင်း (Hand Speaker)ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။

ထိုသို့နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်ကို (Hand Speaker)ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရွာငံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်အသိပညာပေး လိုက်လံ နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးသန့်