ကျောက်မဲ ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများက မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့ပေါ်နှင့်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများက ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အခြေခံစည်းကမ်းများအတိုင်း မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင် သွားလာကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင် သွားလာကြရန်၊ ရောဂါပိုးကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၂ ကြိမ်စလုံးပြည့်မီအောင် ထိုးနှံကြရန် လှည့်လည်ကာ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ခန့်မှစ၍ တစ်လနီးပါးခန့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ မတွေ့ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့က စ၍ ယနေ့အထိ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူ ၈ ဦး ပြန်လည်တွေ့ရှိရကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)