သုံးခွ ဖေဖော်ဝါရီ ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွှန် ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ယနေ့နံနက်ပိုင်းက နှာခေါင်းစည်း Mask များ တပ်ဆင်မှု ရှိ/ မရှိ လိုက်လံစစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့် ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ပြန်လည်တွေ့ရှိလာပြီဖြစ်ပြီး ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၄၂)ဦးရှိပြီးဖြစ်၍ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ၊ လမ်းသွားလမ်းလာများ၊ ဈေးရောင်းဈေး၀ယ်များနှင့် ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်မောင်းနှင်သူများ၊ ဆိုင်ကယ်စီးနှင်သူများအားလုံး ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကင်းဝေးစေရေးနှင့် ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အပြင်ထွက်တိုင်း Mask စနစ်တကျ တပ်ဆင်၍ သွားလာစေရန်နှင့် အပြင်မှပြန်လာပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် ဆေးကျောရန်၊ ဈေးဆိုင်များအား သတ်မှတ်အကွာအဝေးတိုင်း ရောင်းချရန်၊ မြို့မဈေးအတွင်း ဈေးရောင်း/ ဈေး၀ယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်သော အသိပညာပေးပိုစတာများ ချိတ်ဆွဲစေခြင်း၊ နှာခေါင်းစည်း Mask များအား စနစ်တကျ တပ်ဆင်မှု ရှိ/ မရှိ လိုက်လံစစ်ဆေးခဲ့ကြပြီး Mask များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုး၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၀င်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်များ၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့၀င်တို့က ပူးပေါင်းပါ၀င် ဆောင်ရွက်ခဲ့ကြသည်။
စည်သူလင်း