မြောက်ဦး ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ကို ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်း ဝင်နိုင်ရေးအတွက်၊ ရှေ့ပြေး လေ့လာမှုအနေဖြင့် ရေအသုံးချမှုဆိုင်ရာ ပညာရှင်ဖြစ်သည့် အီတလီနိုင်ငံသား၊ Professor Massimo Sarti နှင့် အဖွဲ့က ၈-၂-၂၀၂၂ ရက်နေ့တွင် မြောက်ဦးမြို့သို့ရောက်ရှိလာပြီး၊ ကွင်းဆင်း လေ့လာလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြောက်ဦးမြို့ရှေ့ဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်း၊ ရခိုင်သဟာယအသင်းမှ ဒေါ်မြစံပါယ်ညွန့်၊ ဒေါက်တာ စောမြအောင် ဖောင်ဒေးရှင်းမှ ဒေါက်တာတင်မာအောင် ရှေ့ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ညွန်ကြားရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးကြည်ခင် တို့ပူးပေါင်းပါအဖွဲ့က ကွင်းဆင်းလေ့လာ လျှက်ရှိကြောင်းသိရသည်။
ရေအသုံးချရေးဆိုင်ရာပညာရှင်ဖြစ်သည့် အီတလီနိုင်ငံသား Professor Massimo Sarti နှင့် အဖွဲ့သည် မြောက်ဦးမြို့ဝင် ရေလမ်းကြောင်းများ ဖြစ်သော၊ ကျောက်ရာဇ်ကေချောင်း၊ ငွေတောင် ပေါက်ချောင်း၊ တောင်ဖြူကျုံး၊ မင်းသမီးပေါင်း၊ ပန်းဈေးမြောင်းချောင်း၊ လက်ဆည်ကန်နှင့် အနူမ ကန် တို့ကို လေ့လာကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းလေ့လာချက်များအရ ယခင်ကရေအသုံးချမှုစနစ်များကို ကျေနပ်ဖွယ်ရာ တွေ့ရှိရကြောင်းနှင့်ရေကို အသုံးပြုပြီးတော့ ကာကွယ် ရေးစနစ်တွေ ဆောင်ရွက်တဲ့နေရာမှာ ရေကို အသုံးချ၍ဆောင်ရွက်ခဲ့တဲ့အတွက် အားရကျေနပ်ဖွယ်ရာများ ကိုတွေ့ရှိရကြောင်းသိရသည်။
မြောက်ဦးမြို့ကို ကမ္ဘာ့ရှေ့ဟောင်း အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာမူချော့ ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က ယူနက်စကိုသို့ တင်သွင်းခဲ့ပြီးဖြစ်၍ ယခုလာမည့် ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှ ပညာရှင်များက လာရောက် ကွင်းဆင်းလေ့လာကြမည်ကို သိရှိရသည်၊၊ မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင်မင်းစောမွန်က စတင် တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင် မင်းအဆက်ဆက် ထီးနန်းစိုးစံအုပ် ချုပ်ခဲ့သည့် ရှေ့ဟောင်း သမိုင်းဝင် အမွေအနှစ်များကို ရေရှည်တည်တံ့နိုင်အောင် ထိန်းသိမ်းရန် လိုအပ်လျှက်ရှိ၍ ယခုအခါ ယူနက်စကိုမှ ကွင်းဆင်းလေ့လာဆောင် ရွက်လျှက်ရှိကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)