ပုဏ္ဏားကျွန်း ဖေဖေါ်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) Covaxin-10 dose ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယနေ့၊ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားကြီးသိမ်တော်၌ ဆက်လက်ထိုးနှံပေးလျက် ရှိ သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့၊ နံနက်ပိုင်းက စီး/ဘဏ်၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်/ဘဏ်၊ ပြန်/ဆက်၊ ဆက်သွယ်ရေးနှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနတို့မှ နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၁၉၀ ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး၊ ကျန်ရှိသူတို့ကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းတို့က ကာကွယ်ဆေးထိုးနှံပေးရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် အဖွဲ့ဝင်တို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Booster)အား ဆက်လက်ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏ တိုင်းတာခြင်းတို့စသည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး ကာကွယ်ဆေး ထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့် ပြုကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)