မုဒုံမြို့၌ ပန်းခင်းစီမံချက် လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ခဲ့

မုဒုံ    ဖေဖော်ဝါရီ     ၁၄

နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေး၊ ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ် အမျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ပြည်သူလူထုအားလုံး၏ လက်ဝယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မုဒုံမြို့နယ် ဦးစီးမှူး ဦးအောင်မော်နှင့် ဝန်ထမ်းများမှ ရပ်ကွက်/​ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ လျာထားချက်ပြည့်မီအောင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မုဒုံမြို့နယ် ဦးစီးမှူးရုံးအနေဖြင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းကို ပြည်သူလူထုအား ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ကာ ရပ်ကွက်/ ကျေးရွာများ အထိ ကွင်းဆင်းပြုလုပ်ပေးခဲ့ရာတွင်မုဒုံမြို့နယ်ရှိ ရပ်ကွက်    ရပ်ကွက်နှင့် ကျေးရွာအုပ်စု  ၃၃  အုပ်စုရှိ ပြည်သူလူထုများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အသက် (၁၈)နှစ်အောက် ၁၅၄၃ ဦး၊ အသက်(၁၈)နှစ် အထက် ၂၀၇၀၅ ဦး စုစုပေါင်း ၂၂၂၄၈ဦး အား နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စု လူဦးရေများတို့ကို စိစစ်ပေးခဲ့ရာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသည့် ကာလတွင်ပင် ကြိုးပမ်းဆောင် ရွက်ခဲ့ကြောင်း၊ လက်ရှိအိမ်ထောင်စုလူဦးရေ စာရင်းတွင် ကိုင်ဆောင်လက်မှတ် မရှိသူများသည် အမှန်တကယ် ရပ်ကွက်/ ကျေးရွာများတွင် နေထိုင်မှုရှိ/မရှိ၊ သေဆုံး၊ စာရင်းထပ် နိုင်ငံသားစိစစ်ရေး ကတ်ပြားနံပါတ် ဖြည့်သွင်းခြင်းများနှင့် အမှန်တကယ်နေထိုင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိခြင်း၊ မှတ်ပုံတင်ရှိပြီး အိမ်ထောင်စုစာရင်းတွင် ရေးသွင်းထားမှုမရှိခြင်းတို့အား ကျန်ရစ်မှုမရှိစေရန် တစ်အိမ် တက်ဆင်း ကွင်းဆင်း ဆောင်ရွက်မှု များတို့ကိုပါ ​မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဖေဖော်ဝါရီ ၉ ရက်နေ့ အထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)