ကျိုက်မရော ဖေဖော်ဝါရီ ၁၄
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ အတ္တရံမြစ်ကမ်းဘေးရှိဆုတောင်းပြည့် ကိုးနဝင်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြို့နယ်အဆင့် လှေလှော်ပြိုင်ပွဲနှင့် စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီက အထ္တရံမြစ်ကမ်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ကျိုက်မရောမြို့ ဘုရားကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဓန္တဝါရိန္ဒကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် မြို့နယ်အတွင်းရှိ ကျေးရွာဆယ်ရွာမှ ပြိုင်ပွဲဝင်အသင်း(၁၀)သင်းအား လှေလှော်ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိ သူက လှေပြိုင်ပွဲစည်းကမ်းများကိုရှင်းလင်းဆွေးနွေးခဲ့ပြီးပြိုင်ပွဲကို စတင်ပေးခဲ့သည်။ ထို့နောက်ပြိုင်ပွဲဝင်အသင်းများက ကိုးနဝင်းစေတီတော်ကြီးအား ဦးခိုက်ပူဇော်ကြကာ လှေလှော်သရုပ်ပြခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အလှည့်ကျအသင်းများဖြစ်သည့် ဦးလေးကျေးရွာ လှေလှော်အသင်းနှင့် ဘိန်းဗျောကျေးရွာ လှေလှော်အသင်း၊ ရှင်စောပုအသင်း၊ ပိန်းနဲကုန်းကျေးရွာအသင်းတို့မှ အုပ်စု(က)ပထမပွဲစဉ်အဖြစ် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရာ ဦးလေးအသင်းမှ ဘိန်းဗျောကျေးရွာအသင်းကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲကိုကိုးနဝင်းစေတီအတွင်း၌ကျင်းပရာရပ်ကွက်လေးခုမှ ထမနဲထိုးအဖွဲ့လေးဖွဲ့က ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လှေလှော်ပြိုင်ပွဲနှင့် ထမနဲထိုးပြိုင်ပွဲတွင်ဆုရရှိမည့် အသင်းများအား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ကျရောက်မည့် တပို့တွဲ လပြည့်နေ့တွင် ဆုများ ထိုက်တန်စွာ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီ တာဝန်ရှိသူထံမှ သတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)