ခရမ်း ဖေဖော်ဝါရီ ၁၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော နိုင်ငံသား အရည် အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်း ရရှိရေး အတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့နံနက် (၈) နာရီအချိန်ကစတင်၍ ခရမ်းမြို့နယ်၊ ဆင်ကျွန်းကျေးရွာ တွင်ခရမ်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။
ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအားဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့်နည်း လမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဆင်ကျွန်း ကျေးရွာတွင် ကျေးရွာနေပြည်သူ (၁၈၀)ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ပန်းခင်း စီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်၍ ခရမ်းမြို့၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း( ခရမ်း )