ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sputnik V ထိုးနှံ ပေး

မောင်တော  ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sputnik V ထိုးနှံပေးခြင်း ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်  မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်း များက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ် တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  နိုင်ငံဝန်ထမ်း ၁ ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၃၁၃ ဦး၊ မှီခိုသူ ၁၆၅ ဦး စုစုပေါင်း ၄၉၇ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)