သီပေါမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ရုပ်ပုံပြ ပုံပြောခြင်း ပြုလုပ် ဆောင်ရွက်ပေး

သီပေါ ဖေဖော်ဝါရီ ၁၄

ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်ပျော်ရွှင် စေရန် ရည်ရွယ်၍ ရုပ်ပုံပြ ပုံပြောခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေး စာဖတ်ခန်းတွင် ယမန်နေ့ မွန်းလွှဲပိုင်းက  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်နန်းသိင်္ဂီစိုးက  ကျောင်းသား၊ ကျောင်းသူကလေးငယ်များ နေ့စဉ်တစ်ကိုယ်ရေ သန့်ရှင်းမှုကို အလေးထား လုပ်ဆောင်တတ်စေရန်အတွက် သက္ကမာစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရေးသားပြုစုသည့် "သတိပြုပါ" ရုပ်ပြပုံပြင်စာအုပ်အား ရုပ်ပုံပြပုံပြောခြင်းပြုလုပ် ဆောင်ရွက်ပေးကာ စာအုပ်ပါ အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများနှင့် ပျော်ရွှင်စွာ အပြန်အလှန် အမေးအဖြေပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပိတ်ရက် အားလပ်ရက်တွင် ရုပ်ပုံပြ ပုံပြင်ဖတ်ပြခြင်းနှင့် ပုံပြင်ပြောပြခြင်းများအား အပတ်စဉ်ပြုလုပ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)