ကျောက်ဆည် ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်း၊ တံတားများ တည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာချင်းဆက်လမ်း (၂)လမ်းအား ဂျင်းကျောက်မြေများ ခင်းပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ကျေးရွာချင်းဆက် လမ်းများမှာ အမှတ်(၂) ကျောက်ဆည်ခရိုင်ပတ်လမ်းနှင့် ဆက်သွယ်ထားသည့် အရှေ့သာဂရ-ဆည်ကုန်း-ဈေးရွာကျေးရွာချင်းဆက် လမ်းနှင့် မြောင်းဦး-ကြက်ဆင်-ရန်ပုံနှစ်-ကျီးပြကျေးရွာချင်းဆက် လမ်းများဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၇၉.၃၆၀)သန်း အကုန်အကျခံကာ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေး မြို့နယ်ကျေး လက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကျေးလက်လမ်းများအား ဂျင်းကျောက်မြေ ခင်းပေးခြင်းကြောင့် အရှေ့သာဂရ၊ သင်္ဂတုံ၊ ဆည်ကုန်း၊ ဈေးရွာ၊ မြောင်းဦး၊ ကြက်ဆင်၊ ရန်ပုံနှစ်၊ ကျီးပြကျေးရွာ (၈)ရွာမှ အိမ်ထောင်စု (၁၁၃၈)စု၊ လူဦးရေ (၅၂၂၄)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်အတွင်း လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ ဆောင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်