ခိုလမ် ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသော မြို့ပေါ်ရပ်ကွက် (၆) ခုနှင့် ကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၈)နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက် (၉)နာရီ မှစတင်၍ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသော အသက် (၁၈)နှစ်အထက် ပြည်သူတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( COVISHIEID )ကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ၏ လမ်းညွှန်ချက်များ နှင့်အညီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းတို့ ပြုလုပ်ကာ ထိုးနှံပေးခဲ့ပြီး မိနစ်(၃၀)ခန့် အနားယူ စေခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် ဝန်ထမ်းများ၊ ခုတင် (၁၀၀) ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထင်ကျော်နှင့် သူနာပြုများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ ကျေးစာရေး များနှင့် မြို့မိ မြို့ဖများက ပူးပေါင်းပါဝင်ခဲ့ပါသည်။ ကာကွယ်ဆေး မထိုးနှံရသေးသော အသက် (၁၈)နှစ်အထက် ပြည်သူများက ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း မြို့ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။
နောင်ဟေးငင်း