နောင်ချိုမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

နောင်ချို     ဖေဖော်ဝါရီ     ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန် နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစန်းဝင်းမှ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု ၊မူလအခွင့်အရေးနှင့် လူမှုစီးပွားဘဝပြည့်စုံမှု ရှိစေရေးအတွက် သတ်မှတ်ချက်များနှင့်ကိုက်ညီသူ အသက် (၁၆)နှစ်နှင့် (၁၈)နှစ်အကြား၊ အသက် (၁၈)နှစ်အထက် နိုင်ငံသား စိစစ်ရေး ကတ်ပြား တစ်ကြိမ်တစ်ခါမှ ကိုင်ဆောင်ခဲ့ဘူးခြင်း မရှိသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းမရှိသူ များကို မိမိဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ် နည်းများနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် (၃-၅-၂၀၂၁) ရက်နေ့မှ (၃-၁၁-၂၀၂၂) ရက်နေ့အထိ စီမံချက်ကာလ သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း  ပြော ကြားခဲ့သည်။

ဆက်လက်ပြီး နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဦးကောင်းမြတ်စိုးနှင့် ဝန်ထမ်းများက ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေးစာရင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)