ကျောက်ဆည်မြို့နယ်ထားဝယ်ကျေးရွာတွင် ဘူးပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ

ကျောက်ဆည်    ဖေဖော်ဝါရီ   ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ထားဝယ်ကျေးရွာတွင် ဘူးပင်များတစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းနှင့် ဘူးပင်များ စိုက်ပျိုးမည်ဆိုပါက ထယ်ရေးညက်ညက်တွင် သဘာဝမြေဩဇာဖြစ်သည့်နွားချေးနှင့် မြေပြုပြင်ပြီး တစ်ပင်နှင့်တစ်ပင် (၃)ပေ၊ တစ်တန်းနှင့် တစ်တန်း(၁၈)ပေခြားကာ စိုက်ပျိုးမှသာ လေဝင်လေထွက်ကောင်းပြီး နေရောင်ခြည်ကောင်းစွာရရှိ၍ အထွက်နှုန်းကောင်းကြောင်း သိရှိရ သည်။

ဘူးပင်သည် သဲနှုန်းမြေတွင် စိုက်ပျိုးမည်ဆိုပါက ကောင်းစွာဖြစ်ထွန်းပြီး အပင်အသေအပျောက် မရှိစေရန်အတွက် အစေ့များအား အညှောက်ဖောက်ပြီးမှသာ စိုက်ပျိုးသင့်ကြောင်း ဘူးတစ်ဧကစိုက်ပျိုးမည်ဆိုပါက အပင်အရေအတွက် (၁)ထောင်ခန့်ဝင်ဆန့်ကြောင်း၊ စတင်စိုက်ပျိုးပြီး(၄၅)ရက်တွင် ဘူးသီးများ စတင်ခူး ဆွတ်ရောင်းချရကြောင်း၊ ရောင်းဈေးအနေဖြင့် ဘူးသီးတစ်လုံးအားငွေကျပ် (၂၅၀)ရာမှ (၄၅၀) ကျပ် အထိ အမျိုးမျိုးရောင်းချရပြီး (၂)လခန့်အထိခူးဆွတ် ရောင်း ချရကြောင်း သိရှိရသည်။

ဘူးပင်သည် ရေကြိုက်နှစ်သည့် အပင်တစ်မျိုးဖြစ်သောကြောင့် မြေအစိုဓာတ်ရှိစေရေး ရေတင်ပေးခြင်းများ ပြုလုပ်ပေးရကြောင်း ဘူးတစ်ဧကစိုက်ပျိုးထားပါက စီးပွားဖြစ်ထွန်းနိုင်ပြီး အသီးများ တစ်ရက်ခြားခူးဆွတ်ရောင်းချရသောကြောင့် နေစဉ်ဝင်ငွေ ရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေသောကြောင့် စိုက်ပျိုး သင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ဘူးစိုက်ပျိုးရောင်းချသူ ထားဝယ်ကျေးရွာမှ  တောင်သူဦးဝင်းနိုင်က ပြောပြသည်။

သက်မောင်(ကျောက်ဆည်)