မောက်မယ်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်ကွင်းဆင်းဆောင်ရွက်

မောက်မယ် ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူး ဦးနေဝင်းဦးဆောင်သော နမ့်ခုံး ရှမ်းများပရဟိတအသင်းခွဲ (မောက်မယ်)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများတို့နှင့် ပူးပေါင်းပြီး လေပြင်းဘေးကြိုတင် ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို စဉ့်ဝင်ကျေးရွာအုပ်စု၊ ဟိုတင့် ကျေးရွာရှိ နေအိမ်အား ဆောက်လုပ်ရန်အတွက် ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းသွားရောက် ဆောင်ရွက်ခဲ့သည်။

အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ကြီးဘိုးဘွားများအတွက် နေအိမ်များဆောက်လုပ်လှူဒါန်းခြင်း ရန်ပုံငွေမှ မတည်ငွေကျပ် ၃ သိန်းနှင့် နမ့်ခုံး ရှမ်းများပရဟိတအသင်းခွဲ (မောက်မယ်)မှ လက်သမားနှင့် ပန်းရံလုပ်အား ဒါနဖြင့် ၄င်းထပ်မံလိုအပ်သည့် အိမ်ဆောက်ပစ္စည်းများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများတို့က စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့က တောင်မြို့ရပ်ကွက်တွင် အဖွား၏ နေအိမ်တစ်လုံး စံနမူနာပြ လေပြင်းဘေးဒဏ်ခံအိမ် (၄)ရက်ကြာ ပူးပေါင်းဆောက်လုပ်ပေးခဲ့ပြီး  ၄င်းရပ်ကွက်အတွင်း၌ လေပြင်းဘေး မကျရောက်မီ လေပြင်းဘေးဒဏ်ခံ အိမ်ဆောက်လုပ်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြုပြင်ရန်လိုအပ်သော နေအိမ်တစ်အိမ်လျှင် ငွေကျပ်သုံးသောင်းဖြင့် အိမ်ခြေ(၃၀)အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ ရပ်မိရပ်ဖများတို့နှင့် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ကူညီ ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနဝန်ထမ်းများတို့က ရပ်ကွက်အတွင်း အသံချဲ့စက်ဖြင့် မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် လေပြင်းဘေး အသိပညာပေး လှည့်လည်နှိုးဆော် ကာ လက်ကမ်းစာစောင်များပါ ဖြန့်ဝေခဲ့ပြီး မြို့နယ်အတွင်း၌ စံနမူနာ  ပြလေပြင်းဘေးဒဏ်ခံ အိမ်(၅)အိမ် ဆောက်လုပ်လှူဒါန်း ပေးမည်ဖြစ်ကြောင်း လင်းခေးခရိုင်ဦးစီးမှူး ဦးနေဝင်းမှ ပြောကြားကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)