မိတ္ထီလာ ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခုနှစ်ခြောက်လ ဘဏ္ဍာရေးနှစ်တွင် ရန်မျိုးအောင်ရပ်ကွက် အောင်ချမ်းသာ နယ်မြေရှိ အမှတ်(၅)လမ်းတွင် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မိတ္ထီလာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင် ရန် လိုအပ်လျက်ရှိသော လမ်းမျာအား ကွန်ကရစ် ခင်းခြင်းလုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ရန်မျိုးအောင်ရပ်ကွက် အောင်ချမ်းသာနယ်မြေရှိ အမှတ်(၅)လမ်းတွင် အရှည် ၅၈၅ ပေ ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ခိုင်ခန့်ဖြူစင်ကုမ္ပဏီက တာဝန်ယူ၍ ယမန်နေ့ကစတင်၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသောလမ်းများအနက် လမ်း(၄) လမ်းအား ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းတို့ ဆောင်ရွက်ရာတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း တစ်လမ်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်း ၃ လမ်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)