စစ်တွေမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကျင်းပ

စစ်တွေ ဖေဖော်ဝါရီ ၁၄

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန၊ စစ်တွေမူလတန်းကြိုကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥက္ကဋ္ဌ၊ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့် က ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့နိုင်ငံ၏ အထိမ်းအမှတ်နေ့(သို့မဟုတ်) နိုင်ငံခေါင်း ဆောင်များ၏ မွေးနေ့ များထဲမှ သင့်တော်သည့် ရက်(၁)ရက်ကို ကလေးများနေ့ဟု သတ်မှတ်ပြီး ထိုနေ့မှာပင် ကလေးသူငယ်တိုင်း လွတ်လပ်ပျော်ရွှင်စွာဖြင့် ဆုံစည်းကြပြီး ပျော်ပွဲရွှင်ပွဲများ၊ အားကစား ပြိုင်ပွဲများ ပြုလုပ်ပေးကြကာ ကလေးများ၏ လိုအပ်ချက်များကို ဖန်တီးဖြည့်ဆည်းပေးကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသည့်အနေဖြင့် ဗိုလ်ချုပ်မွေးဖွားခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံကလေးများနေ့ (Myanmar Children’s Day) အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ စစ်တွေမူလတန်းကြိုကျောင်းနှင့် ပုဂ္ဂလိကမူလ တန်းကြိုကျောင်း များမှ ရင်သွေးငယ်လေးများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ ကပြဖျော်ကြသော ရင်သွေးငယ်လေးများအား ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ က အမှတ်တရလက်ဆောင်များ ပေးအပ်ကြပြီး ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်ရေး အဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)