ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူများနှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှု ဆိုင်ရာအမှုများကို ပိတ်သိမ်း၍ လွတ်မြောက်သူ  ၅၉  ဦး လွတ်မြောက်

စစ်တွေ ဖေဖော်ဝါရီ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အမိန့်အမှတ် ၁၅/ ၂၀၂၂နှင့် ၁၇/၂၀၂၂ ဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းမှတ်အားဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လွတ်ငြိမ်းချမ်းသာခွင့်နှင့် တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများအားအမှုမှ လွှတ်ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ  အကျဉ်းသား၊ အကျဉ်းသူများနှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ လွတ်မြောက်သူ  ၅၉  ဦးလွတ်မြောက်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းမှတ်အားဖြင့် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်၍ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ် ကျခံလျက်ရှိသည့် အကျဉ်းသားများအနက် ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် အပြင် စည်းကမ်း ကောင်းမွန်စွာ နေထိုင်ကြသော အကျဉ်းသားများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မအရ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက  ၎င်းအပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၍ လည်းကောင်း၊ စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍လည်းကောင်း နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော AA အဖွဲ့ဝင်များ နှင့် ဆက်စပ်သူများ၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအား  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလျက်ရှိသည်။

ထို့သို့လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် စစ်တွေအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၇ ဦး၊ အမှုပိတ်သိမ်း ၍ လွတ်လာသူ အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီးတစ်ဦး၊ ဘူးသီးတောင် အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ၅ ဦး၊ ကျောက်ဖြူ အကျဉ်းထောင်မှ လွမ်းငြိမ်းချမ်းသာ ခွင့်ဖြင့် ၄ ဦး၊ အမှုပိတ်သိမ်း၍ လွတ်လာသူ ၇ ဦးနှင့် သံတွဲအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ၁၀ ဦး စုစုပေါင်း ရခိုင်ပြည်နယ် အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၅၉ ဦးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်မြောက်လာသူများအား မိမိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများမှ ရင်းနှီး ပျော်ရွှင်စွာ ကြိုဆိုကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)