သာကေတ ဖေဖော်ဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီအချိန်က ရပ်ကွက်(၁၉)ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွနေရာများ၊ လူစည်ကားရာနေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ကြီးကြပ်မှုဖြင့် မြို့နယ်ကြက်ခြေနီ အသင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပရဟိတလူမှုကူညီရေးအသင်းတို့မှ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်နေသည့်အတွက် မိဘပြည်သူများအနေဖြင့် (၁)မလိုအပ်ဘဲ နေအိမ် အပြင်ဘက်သို့ မထွက်ဘဲ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ (၂)မဖြစ်မနေ နေအိမ် အပြင်ဘက်သို့ ထွက်ခွာသွားလာရပါကလည်း ပါးစပ်နှာခေါင်းစည်းများ လက်အိတ်များ ဝတ်ဆင်ပြီးမှ သွားလာရန်နှင့် အနည်းဆုံး မဖြစ်မနေသွားလာရသူသာ သွားလာစေရန်၊ (၃)နေအိမ်အပြင်မှ ပြန်လာသူများ မိမိကိုယ်မိမိ သန့်စင်အောင် ဆောင်ရွက်ပြီးမှ နေအိမ်ဝင်း အတွင်းသို့ ဝင်ရောက်ရန်၊ (၄)လူထူထပ်သော လူစုလူဝေးဖြစ်သော နေရာများကို အတတ်နိုင် ဆုံး ရှောင်ရှားရန်၊ (၅)အရာဝတ္ထုတစ်ခုခုကို ကိုင်ဆောင်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် (သို့မဟုတ်) ရေမလိုလက်သန့်ဆေးရည်ဖြင့် စနစ်တကျဆေးကြောသန့်စင်ရန်၊ (၆)ရောဂါ အခံရှိသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် အတူနေထိုင်သူများ ပိုမိုဂရုပြုဆင်ခြင်ပေးရန်နှင့် လူတစ်ဦးနှင့် တစ်ဦးအနည်းဆုံး (၆ပေ)ခွာတွင် နေထိုင်ကြစေရန်၊ (၇)မိမိနေအိမ်အတွင်း မိမိနေထိုင်ခြင်းဖြင့် ရောဂါကူးစက်မှုကို ဖြတ်တောက်နိုင်သည်ဖြစ်၍ အထူးဂရုပြုလိုက်နာ ပေးရန် စသည့်အချက်များ ပါဝင်သည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား တိတိကျကျ လိုက်နာကြရန် ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်အသိပေးလျက်ရှိကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)