ကျောက်ဆည် ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် ကျေးလက်လမ်းများအဆင့်မြှင့်တင်ခြင်း၊ တံတားများတည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာချင်းဆက်လမ်းများပေါ်တွင်Box Culvert (၃)စင်းဆောက်လုပ်ပေးသဖြင့် အိမ်ထောင်စု (၁၉၂၇)စု ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတံတားများမှာ ခတက်ကုန်းကျေးရွာအဝင် မုန်တိုင်-ခတက်ကုန်း ကျေးရွာချင်းဆက်လမ်း၊ ငါးမြွေကုန်း-ထုံးဘို ကျေးရွာချင်းဆက်လမ်း၊ စင်ကွန်းကျေးရွာအနီး ကုန်းကြီး-စင်ကွန်းကျေးရွာချင်းဆက် လမ်းများပေါ်တွင် ဆောက်လုပ်ပေးချင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၁၈၀)သိန်း အကုန်အကျခံကာ အရှည်(၅)ပေ၊ အကျယ်(၂၄)ပေ၊ အမြင့်(၅)ပေ တံတား(၃)စင်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေး မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ် ပေးလျက် ရှိရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတံတားဆောက်လုပ်ပေးခြင်းကြောင့် မုန်တိုင်၊ ခတက်ကုန်း၊ ငါးမြွေကုန်း၊ ထုံးဘို၊ မြင်းချီနိုင်၊ ကုန်းကြီး၊ စင်းကွင်းကျေးရွာများမှ အိမ်ထောင်စု(၁၉၂၇)စု၊ လူဦးရေ(၈၈၆၁)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ ဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက် အတွင်း လွယ်ကူလျှင်မြန်စွာသယ်ယူပို့ဆောင်နိုင်မည်ဖြစ် ကြောင်းသိရှိရသည်။
သက်မောင်(ကျောက်ဆည်)