မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်များ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ကျောက်ဖြူ ဖေဖော်ဝါရီ ၁၃

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်များ ဉာဏစွမ်းရည်ပြိုင်ပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းရုံး၊ ကျောက်ဖြူမူလတန်းကြိုကျောင်းတွင် ယနေ့၊ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းရှိ အစည်းအဝေး ခန်းမ၌ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် အနာဂတ်၏ မျိုးဆက်သစ်များအား ရည်ရွယ်ချက်ကောင်းများရရှိစေရန်၊ စုပေါင်း လုပ်ဆောင်တတ်သော အလေ့အထကောင်းများရရှိစေရန်၊ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ကာယစွမ်းရည်၊ ဉာဏစွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်ချက်များစွာဖြင့် ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ ကျောက်ဖြူခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ရတနာဝင့်မောင်၊ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များနှင့် တာဝန်ရှိများက အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ ဉာဏစွမ်းရည်ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့မှ စတင်၍ ကျောက်ဖြူမြို့ပေါ်ရှိ မူလတန်းကြိုကျောင်း (၆)ကျောင်းမှ သားငယ် သမီးငယ်(၉၀)ဦးက ပုံပြင်ပြောပြိုင်ပွဲ၊ အကြီးတန်းအဆင့် (ကဗျာ)ရွတ်ဆိုပြိုင်ပွဲ၊ အငယ်တန်းအဆင့်(ကဗျာ)ရွတ်ဆိုပြိုင်ပွဲ၊ အကြီးတန်း သီချင်းဆို ပြိုင်ပွဲနှင့် အငယ်တန်းအဆင့် သီချင်းဆိုပြိုင်ပွဲများအား အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

၎င်းပြိုင်ပွဲများတွင် ပထမဆုရရှိကြသော ကလေးငယ်များက အခမ်းအနား တက်ရောက် လာကြသော ဧည့်ပရိတ်သတ်များအား ပြိုင်ပွဲဝင်ကဗျာ၊ ပုံပြင်နှင့် သီချင်းများဖြင့် ပြန်လည် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း၊တင်ထွန်းဦး