မော်လမြိုင် ဖေဖော်ဝါရီ ၁၃
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ(၁၃)ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်း အမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ် ခန်းမတွင်ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက လူမှုဝန်ထမ်း ဦးစီးဌာနသည် ကလေးသူငယ်များ၏ အခွင့်အရေး အပြည့်အဝဖော်ဆောင် နိုင်ရေးဦးစားပေး လုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ် အခွင့်အရေး(၄)ရပ်အနက် ကလေးကိုယ်တိုင်ပါဝင် ဆောင်ရွက် ခွင့်ပေးခြင်းသည် အခွင့်အရေး တစ်ရပ်အဖြစ်ပါဝင်ကြောင်း၊ ဖေဖော်ဝါရီ (၁၃)ရက်နေ့သည် မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ကာ ပျော်ပွဲ၊ရွှင်ပွဲကျင်းပ ပေးခြင်းဖြင့် ကလေးငယ်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမြှင့်တင်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဂုဏ်ပြုသည့် အနေဖြင့် မြန်မာနိုင်ငံကလေးများနေ့ သတ်မှတ်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် ခေတ္တပိတ်ထားခဲ့သည့် မူကြိုကျောင်းများကို စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်ပေးပြီ ဖြစ်ကြောင်းနှင့် ကလေးများ၏ အနာဂတ်ဘဝသာယာလှပရေးသည် နည်းလမ်း မှန်ကန်စွာ စနစ်တကျပြုစုပျိုးထောင်မှသာ ကောင်းမွန်သည့် အခြေခံအုတ်မြစ်များ ဖြစ်လာမည်ဖြင့်ကြောင်း မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အဖြစ် တိုက်တွန်းအမှာစကား ပြောကြားပေးသည်။
ဆက်လက်၍ မော်လမြိုင်အမှတ်(၁)၊(၂)၊(၃)မူလတန်းကြိုကျောင်း၊ မော်လမြိုင် ကလေးပြုစုရေးဌာန၊ သံဖြူဇရပ်မူလတန်းကြို ကျောင်းတို့မှ သားငယ်၊ သမီးငယ်များက ပုံပြောပြခြင်းနှင့် တေးသရုပ်ဖော်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မော်လမြိုင်လူငယ် သင်တန်းကျောင်းမှ ကျောင်းသားများက တို့ချစ်တဲ့ကမ္ဘာတေးသီချင်းဖြင့် တင်ဆက် ဖျော်ဖြေမှုအပြီးတွင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချူပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အမှတ်တရ လက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် မူလတန်းကြို ကျောင်းအသီးသီးမှ သားငယ်၊ သမီးငယ်များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက် ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)