မိုးညှင်း ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများမှ ဆုများရရှိကြသည့် သားငယ်သမီးငယ်များအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်းကို ဖေဖော်ဝါရီ (၁၃)ရက် နံနက်(၁၀)နာရီတွင် အောင်သပြေ(၁)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးညီညီလွင်က “ကလေးများနေ့ဟာ ကလေးသူငယ်တွေအတွက် ပျော်စရာကောင်းတဲ့ နေ့တစ်နေ့ဖြစ်သလို ကလေးသူငယ်အခွင့်အရေး၊ လုံခြုံရေးနှင့်ဖူလုံရေးတွေကို အသိပညာဖြန့်ဝေပေးကြတဲ့ နေ့လည်းဖြစ် ပါတယ်၊ ကလေးသူငယ်တိုင်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်စွာ ဖွံ့ဖြိုးကြီးပြင်း လာဖို့အတွက် မိဘအုပ်ထိန်းသူများရဲ့ ချစ်ခြင်းမေတ္တာနှင့် ပြုစုပျိုးထောင်မှုကလည်း အရေးကြီးပါ တယ်”ဟု အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်နွယ်နွယ်အောင်က ကလေးများနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ကလေးသူငယ်များအနေဖြင့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိသဖြင့် ကလေးများအားလုံး ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန်အတွက်ရည်ရွယ်၍ ရှင်းလင်းပြော ကြားကာ မိဘဆရာအသင်း အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် မူလတန်းကြိုကျောင်းမှ သားငယ် သမီးငယ်များက တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြပြီး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများမှ ဆုရရှိခဲ့ကြသည့် သားငယ် သမီးငယ်များအား ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)