အခြေခံပညာကျောင်းများ၌ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းပြ သင်ကြားရေး ဆရာ/ဆရာမ ခန့်ထားနိုင်ရန် ရေးဖြေစာမေးပွဲကျင်းပ

ရမည်းသင်း   ဖေဖော်ဝါရီ ၁၃ 

မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာကျောင်းများ၌ သင်ကြားရေးအတွက် ဆရာ၊ ဆရာမ ခန့်ထားနိုင်ရန် ရေးဖြေစာမေးပွဲကို ဖေဖော်ဝါရီ၁၃ရက်နံနက် ၉နာရီက ဖြေဆိုကြောင်း သိရသည်။

အဆိုပါ သင်ကြားရေး ဆရာ၊ ဆရာမခန့်ထားရေးအတွက် လျှောက်လွှာများ လျှောက်ထားရာတွင် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့မှ လျောက်ထားသူ စုစုပေါင်း (၆၆၀)ဦး လျောက်ထားခဲ့ပြီး ယနေ့ ရမည်းသင်းမြို့နယ်မှ ဖြေဆိုသူ အထက်တန်းပြ(၁၀)ဦး၊ အလယ်တန်းပြ(၁၃)ဦး၊ မူလတန်းပြ(၁၆၂ )ဦး၊ စုစုပေါင်း(၁၈၅)ဦး၊ ပျော်ဘွယ်မြို့နယ်မှဖြေဆိုသူ အထက်တန်းပြ(၂၅)ဦး၊ အလယ်တန်းပြ(၂၆)ဦးနှင့် မူလတန်းပြ(၃၁၉ )ဦး၊ စုစုပေါင်း(၃၇၀)ဦးတို့ ရေးဖြေစာမေးပွဲ (မြန်မာစာ၊ အင်္ဂလိပ်စာနှင့် ဗဟုသုတ)ကို ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ရမည်းသင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အခြေခံပညာကျောင်းများ၌ အထက်တန်းပြ၊ အလယ်တန်းပြနှင့် မူလတန်းပြ သင်ကြားရေး ဆရာ၊ ဆရာမခန့်ထားရေး စာမေးပွဲ ဝင်ရောက်ဖြေဆိုသူများကို ဖေဖော်ဝါရီ ၁၄ရက် နံနက် ၉နာရီတွင် လူတွေ့မေးဖြေခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ခရိုင်ပြန်/ဆက်