ဟိုပန် ဖေဖော်ဝါရီ ၁၃
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဟိုပန်မြို့နယ် အုပ်ချုပ်ရေးမှူး ဉီးရဲဝင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်လေးများက "ဂုဏ်ပြုကြစို့" ဆိုသည့် ကဗျာများကို တစ်ဉီးချင်း ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အကြို ကဗျာရွတ်၊ အပြေး၊ ပန်းချီ၊ လက်မှုနှင့် သီချင်းဆို ပြိုင်ပွဲ အစရှိသည့် ကာယ၊ ဉာဏ ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်ခဲ့သည့် သားငယ်သမီးငယ်များအား ဟိုပန်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့် ကလေးအသင်းအဖွဲ့ဝင်များက ဆုများနှင့် မေတ္တာလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)