မိုးကောင်းမြို့ ပြည်သူ့ဆေးရုံအတွက် လိုအပ်သော Medical Equipment များ ဝယ်ယူရန် အလှူတော်ငွေ ကျပ်သိန်း(၃၀၀)လှူဒါန်း

မိုးကောင်း ဖေဖော်ဝါရီ ၁၃ 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နန့်ရင်းရပ်ကွက်သောင်ဦးကျောင်းတိုက် မြင့်ထွန်းဦးကျောင်းဆောင်၌ ယနေ့နေ့လယ် (၁) နာရီတွင် မြို့နယ်ပြည်သူ့ ဆေးရုံအတွက် လိုအပ်သော Medical Equipment များဝယ်ယူရန်အလှူတော်ငွေကျပ်သိန်း(၃၀၀) ပေးအပ်လှူဒါန်းကြောင်း သိရသည်။

ကျေးဇူးရှင်မိဘနှစ်ပါးဖြစ်သော ဦးတင်ဟုတ်+ဒေါ်တင်ဟုတ်တို့အားရည်ဆူး၍ ရန်ကုန်မြို့နေ ဒေါ်တင်ညွှန့်၊ (ဦးကျော်ရွှေ)+ဒေါ်ခင်တိုးမြင့်၊ ဦးသိန်းထွန်း+ဒေါ်ကြူကြူ သားသမီးမြေးတစ်စုတို့မှ မိုးကောင်းပြည်သူ့ဆေးရုံအတွက် လိုအပ်သောဆေးပစ္စည်းကိရိယာများဝယ်ယူရန်လှူဒါန်းခြင်း ဖြစ်သည်။

 လှူဒါန်းပွဲအခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး သောင်ဦး ဆရာတော်ဘုရားမှ ဩဝါဒအဖွင့်အမှာစကားမြွတ်ကြားသည်။

ဆက်လက်၍ အလှူရှင်မှ လှူဒါန်းသောဝတ္ထုငွေ ကျပ်သိန်း(၃၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌဦးခင်မောင်မြင့်မှပေးအပ်ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်ဆရာဝန်ကြီးတို့က ကျေးဇူးတင် စကားပြောကြား၍ တောင်ကျောင်းဆရာတော်ဘုရားမှ ရေစက်ချအမျှတရားပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီးမြောက်ခဲ့ကြောင်း သိရသည်။

ခွဲစိတ်လူနာနှင့်အရေးပေါ်လူနာများအားစောင့်ကြည့်စက်နှင့် Ultrasound ကိုရရှိနိုင်ရန် လျာထားကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)