ချမ်းအေးသာစံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်ပိုစတာပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ချမ်းအေးသာစံ      ဖေဖော်ဝါရီ    ၁၃

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်ပိုစတာပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre ) ခန်းမတွင် ဖေဖော်ဝါရီလ ၁၂ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပခဲ့သည်။

ပြပွဲတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်သတိရစေရန်အတွက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်းစသည့် အကြောင်း အရာများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ယင်းပြပွဲသို့ဒေသခံ ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက လာရောက် ကြည့်ရှုလေ့လာခဲ့ကြသည်။

ယင်း စာအုပ်ပြပွဲကို စာဖတ်စွမ်းရည်များ တိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာအုပ်စာပေများ ချစ်မြတ်နိုးစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ ပါဝင်သည့် စာအုပ်များ၊ သုတ၊ ရသစာအုပ်များ၊ နည်းပညာနှင့်သက်ဆိုင်သည့် စာအုပ်များ၊ ကလေးငယ်များ ဗဟုသုတရရှိစေရန် ကလေးစာပေများစသည်ဖြင့် ကဏ္ဍစုံပါဝင်သည့် စာအုပ်များကို ခင်းကျင်းပြသကြောင်း သိရသည်။

 ထိပ်ထားနိုင်