မိုင်းယန်း ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြေး/ခုန်/ပစ် အားကစား ပြိုင်ပွဲများအတွက် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းယန်းလူငယ်အဖွဲ့မှ ပန်းပွားအကဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး စိုးသူအောင်နှင့် ပွဲစဉ်ဇယားရေးဆွဲရေးနှင့် ဒိုင်လူကြီး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိုင်းလှိုင်ခမ်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ အားကစားသမားများမှ နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် ရွတ်ဆို ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အမှာစကား ပြောကြားရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မြို့နယ်မှသည် ကျန်းမာသန်စွမ်း သော အရည်အချင်းပြည့်မီသည့် ထူးချွန်အားကစားသမားများ ဖော်ထုတ်နိုင်ရေး စသည့်ရည်ရွယ်ချက်များနဲ့ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ဒါ့အပြင် မိုင်းယန်းမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအတွင်း မူးယစ်ဆေးသုံးစွဲမှု ကင်းစင်ပပျောက်ပြီး နှစ်သက်ရာ အားကစားနည်းဖြစ်တဲ့ ဘောလုံးအားကစား ကစားခြင်းမှာ မွေ့လျော်စေဖို့၊ ကျန်းမာသန်စွမ်းပြီး မိဘ၊ ဆရာသမားများ အားကိုး အားထားပြုရမဲ့ လူငယ် လူရွယ်များဖြစ်လာစေဖို့၊ မြို့နယ်အတွက် ဂုဏ်ယူဝံ့ကြွားရတဲ့ နိုင်ငံ့သားကောင်း အားကစားသမားများ ဖြစ်ပေါ်လာစေဖို့ ဖြစ်ပါကြောင်း၊ အားကစားသမားကောင်းများကို အားကစားပြိုင်ပွဲများမှသာ ရရှိနိုင်မှာဖြစ်သည့်အတွက် မိမိဒေသနဲ့ ကိုက်ညီတဲ့ အားကစားနည်းများကို ရွေးချယ်ပြုလုပ်ပေးခြင်းဖြင့် မျိုးဆက်သစ် အားကစားသမားများ ရွေးချယ်ဖော်ထုတ်ပေးနိုင်စေဖို့ပဲ ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြိုင်ပွဲကျင်းပရေးကော်မတီက သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို တိတိကျကျ လိုက်နာရမှာဖြစ်ပါကြောင်း၊ အားကစားသမားများအနေနဲ့ မိမိကိုယ်တိုင် အားကစားစိတ်ဓါတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ဖို့ လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းအားကစားပြိုင်ပွဲများနှင့် ပြေး/ခုန်/ပစ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ချစ်ကြည်ရေး ပါဝင်ယှဉ်ပြိုင်မည့် ပါမိုင်အမျိုးသမီးအသင်းနှင့်၊ ဟော်ကန်အမျိုးသမီးအသင်းတို့အား အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို အုပ်စု (၃)အုပ်စု၊ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၁)သင်းပါဝင်ပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ ၂၈ ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး