သီပေါမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်

သီပေါ ဖေဖော်ဝါရီ ၁၃

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲ ပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက  ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ သမိုင်းဝင်ပင်လုံစာချုပ်နှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီးနောက် မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ပုံတူပန်းချီဆွဲ ပြိုင်ပွဲများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

ပြိုင်ပွဲများမစတင်မီ မြို့နယ်ဦးစီးမှူးက  ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည် တိုးတက် လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေရန်၊ အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်စသည့် ပြိုင်ပွဲများပြုလုပ် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျည်း၊ စည်းကမ်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲများဆက်လက် ဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး၊ ပုံတူ ပန်းချီဆွဲပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး တို့ အသီးသီးပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအားလုံးကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်နီလာစိုး က ဆုများနှင့် လက်ဆောင်များကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)