ခရမ်း ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြို့နယ်လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဖေဖော်ဝါရီလ (၁)ရက်နေ့ မွန်းလွဲ (၂)နာရီက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိစေရန်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် အကြောင်းအရာ များကို သိရှိစေရန်၊ လူငယ်များ အစဉ်ထာဝရ မမေ့အပ်သော နေ့တစ်နေ့ဖြစ်ကြောင်း သိရှိစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင် ပြသခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်များ၊ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ၊ ပင်လုံစာချုပ်တွင် ချုပ်ဆိုခဲ့သော စာချုပ်များ၊ လူငယ်များ သိသင့်သိထိုက်သော ဆောင်ပုဒ်များ၊ စကားစုများ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင် ပြည်သူများ လေ့လာကြည့်ရှုခဲ့ကြသည်။
ထို့နောက် အ.မ.က(၁၁)ကျောင်းနှင့် ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးမှ ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း