မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် သတ်မှတ်ချက်များ (Version -7)အား ရှင်းလင်းဆွေးနွေး

ရန်ကုန် ဖေဖော်ဝါရီ ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ရောဂါပိုး ဓာတ်ခွဲအတည်ပြု လူနာများအား ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များ (Version7) နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါရှင်းလင်း ဆွေးနွေးပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတင်မျိုးအောင်က အဖွင့်အမှာ စကားပြောကြားရာတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ပြန်လည် မြင့်တက်လာသည့် အတွက် ပြည်သူများအနေဖြင့် Mask တပ်ဆင်မှုရှိစေရေး Mask Campaign များ အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသိပညာပေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ (Version-7) နှင့်ပတ်သက်၍ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်က  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအား ကာကွယ်ဆေးထိုးနှံပြီးသူများနှင့် ကာကွယ်ဆေး မထိုးနှံရသေးသူများအဖြစ် နှစ်ပိုင်းခွဲခြားရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူများ အနေဖြင့် (၁၄) ရက်ပြည့်မြောက်ပြီး (၆)လမကျော်သူများတွင် ရောဂါလက္ခဏာမပြသူ များအား Home Quarantine (၁၀) ရက်နေရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး မထိုးနှံရသေးသူများနှင့် နေအိမ်တွင် အသက်အရွယ်ကြီးသူများ၊ ရောဂါအခံရှိသူများအနေဖြင့် Quarantine Centre တွင် (၅)ရက်နှင့် နေအိမ်တွင် (၅)ရက် ဆက်လက်နေထိုင်ရမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ ကာကွယ်ရေး လမ်းညွှန်ချက် များအား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း  ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက် (၂၀) မှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကာ ဆွေးနွေးပွဲကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)