ညောင်ရွှေ ဖေဖော်ဝါရီ ၁၃
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အင်းလေးနှင်းဆီ ဖူဆယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အင်းလေးနှင်းဆီအသင်းနှင့် ကန်သာရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ကန်သာရပ်ကွက်အသင်းက အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ပြိုင်ပွဲအပြီးတွင် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ ဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသည့် အသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ၊ ဆုတံဆိပ်များနှင့် ဒိုင်းဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် အဆိုပါ အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၆)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ