တိုက်ကြီး ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ နယ်လုံးဆိုင်ရာ ဇီဝိတဒါန အောက်စီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဥက္ကံမြို့ ဘုရင့်နောင်ရပ်ကွက် သီရိမင်္ဂလာကျောင်းတိုက်အနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဥက္ကံမြို့၊ နယ်လုံးဆိုင်ရာ ဇီဝိတဒါနအောက်စီဂျင်စက်ရုံ ကော်မတီ ဩဝါဒစရိယဆရာတော် ဦးပညာစာရက ဩဝါဒ စကား ချီးမြင့်ခြင်း၊ တိုက်ကြီးမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး မင်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးတို့က အဖွင့်အမှာစကားပြောကြားခြင်း၊ နယ်မြေခံတပ်ရင်းမှူး ဗိုလ်မှူး သူရိန်လှိုင်က စက်ရုံပေါ်ပေါက် ဖြစ်တည်လာပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး တာဝန်ရှိသူများက စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စက်ရုံအား စက်ခလုတ်ဖွင့် စတင်လည်ပတ်စေခဲ့သည်။ ထို့နောက် ကြွရောက်လာကြသော ဆရာတော် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ အလှူရှင် များက ရေစက်ချတရားတော်များ နာယူကြခြင်း၊ ဆရာတော် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့်သည်တော်များအား နံနက်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါသည်။
အဆိုပါ ဇီဝိတဒါနအောက်စီဂျင်စက်ရုံကို ဥက္ကံမြို့၊ နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ( ရွှေကျင် / သုဓမ္မာ) ဆရာတော် သံဃာတော် ကြီးများ ၏ ဩဝါဒအရ ရဟန်းရှင်လူ အများပြည်သူတို့၏ စုပေါင်းအားဖြင့် ငွေကျပ်သိန်း ၁၂၀၀ အကုန်အကျခံ တည်ဆောက်ခဲ့ကာ အဆိုပါ စက်ရုံမှ တစ်နေ့လျှင် အောက်စီဂျင် ၄၀ လီတာဆံ့အိုး ၁၀၀ အိုးအထိ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင်