ပျော်ဘွယ်မြို့နယ်တွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်

ပျော်ဘွယ် ဖေဖော်ဝါရီ ၁၃

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ ရမည်းသင်းရုံးခွဲတို့ ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ က ယနေ့ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲ (Talk Show)သည် မသန်စွမ်းသူများအနေဖြင့် အခွင့်အလမ်းများ ရရှိစေရးအတွက် မိဘပြည်သူများ သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဆွေးနွေးပွဲကိုကျင်းပရာ မြို့နယ်ဦးစီးမှူး၊ ဒေါ်စန်းစန်းကြူ ယနေ့အချိန်တွင် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ ရမည်းသင်းရုံးခွဲအနေဖြင့် ချမှတ်ထားသည့် ရည်ရွယ်ချက်များ၊ မူဝါဒများ၊ မသန်စွမ်းသူများ ဖွံဖြိုးရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းဆွေးနွေးသည်။

အဆိုပါ မေးမြန်းဆွေးနွေးမှုများကို မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၊ ရမည်းသင်းရုံးခွဲမှ အတွင်းရေးမှူးဖြစ်သူ ဦးသက်ဇော်စိုး က ရှင်းလင်းဆွေးနွေးရာ ရမည်းသင်းရုံးခွဲကို စတင်ဖွင့်လှစ်ခဲ့မှုအခြေအနေများ၊ မသန်စွမ်းသူများအား အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် ရန်ကုန်မြို့တွင် အသက်မွေးဝမ်းကျောင်း အတတ်ပညာ အခမဲ့သင်ကြားပေးနေမှု အခြေအနေများ၊ ရမည်းသင်းမြို့တွင်လည်း သင်တန်းကျောင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် နေမှုအခြေအနေများ၊ မသန်စွမ်းသူများအနေဖြင့်လည်း ရမည်းသင်းရုံးခွဲသို့ လာရောက်ဆက်သွယ်နိုင်သည့် အခြေအနေ စသည်တို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)