တောင်ကြီး ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ ယမန်နေ့ နံနက်(၅) နာရီက(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင် အခမ်းအနား ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် အလံအားလွှင့်တင်ပြီး တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များမှ သစ္စာ(၄)ချက်ရွတ်ဆိုခြင်းကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ နံနက်(၇)နာရီမိနစ်(၄၀)က တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကျင်းပရာ အရှေ့ပိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ဖွဲ့ဝင်များနှင့် စစ်ကြောင်းမှူးတို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ခေတ္တပြည်နယ်ဝန်ကြီးချုပ် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးအား အလေးပြုခြင်း၊ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်များ အား အလေးပြုကာ သစ္စာ(၄)ချက် ရွတ်ဆိုကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးက နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ဖတ်ကြားသည်။
၎င်းနောက် တောင်ကြီးမြို့ပြည်နယ် လေ့ကျင့်ရေးအားကစားရုံ၌ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းတို့မှ တိုင်းရင်းသား ယဉ်ကျေးမှုအက အဖွဲ့များမှက ပြဖျော်ဖြေကြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုပန်းခြင်းနှင့်ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးကြရာ တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များမှ အသီးသီး လက်ခံရယူ ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)