မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

မြစ်ကြီးနား      ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲ အားကစား ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နံနက် ၅ နာရီခွဲက နိုင်ငံတော်အလံတင်အခမ်းအနားကို ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား လွှင့်တင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများကနိုင်ငံတော် အလံအား အလေးပြုကြသည်။

ထို့နောက် နံနက် ၇ နာရီ ၄၀ မိနစ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ တပ်မတော်ဂုဏ်ပြုစစ်ကြောင်းနှင့်အတူ အခမ်းအနား တက်ရောက် လာကြသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား/သူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော နိုင်ငံ့ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့လာသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာကိုဖတ်ကြားသည်။

ယင်းနောက်(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့်နှင့် အခြေခံပညာ အဆင့် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများ အား ဂုဏ်ပြု ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပခဲ့ရာ  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြု မှတ်တမ်းလွှာ များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ ပြည်သူ့ အားကစားကွင်းအတွင်း၌ ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများအပါအဝင် ပျော်ပွဲရွှင်ပွဲ အဖြစ် သံပုံးရိုက်၊ ဖားခုန်၊ တာယာကွင်းဘောလုံးကန်၊ ဂုံနီအိတ်စွတ်အပြေးပြိုင်ပွဲ၊ ခြေသုံးချောင်း ထောက် အပြေးပြိုင်ပွဲ၊ သံပုရာသီး ဇွန်းကိုက်၊ ကင်းမြီးကောက်အပြေးပြိုင်ပွဲများ စသည့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)