ဇမ္ဗူသီရိမြို့နယ် နေပြည်တော်အချုပ်ထောင်၌ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရှိသူ အကျဉ်းသား (၁၃) ဦးလွှတ်ပေး

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၁၃

ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အချုပ်ထောင်၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ကျရောက်သော စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅/၂၀၂၂၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ အကျဉ်းသားများအား ယမန်နေ့နံနက်ပိုင်းက လွှတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားများအနက် ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့်အပြင် စည်းကမ်းကောင်းမွန်စွာနေထိုင်ကြသော အကျဉ်းသား (၁၃) ဦးအား နေပြည်တော်အချုပ်ထောင်တာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးထွန်းဝင်းထိုက်နှင့် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းကျော်တို့က ဆုံးမဩဝါဒစကား ပြောကြားခဲ့ကာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၄၀၁)၊ ပုဒ်မခွဲ (၁) အရ၊ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး အကျဉ်းသားများအား နေပြည်တော် မြို့မဈေးရှိ အဝေးပြေးယာဉ်ရပ်နားဝင်းသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

                                                                                           မြို့နယ် (ပြန်/ဆက်)