(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား ရပ်စောက်၌ကျင်းပ

ရပ်စောက်        ဖေဖော်ဝါရီ   ၁၃

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၆ နာရီက ရပ်စောက်မြို့နယ်၊ ဇော်ဂျီရပ်ကွက်အတွင်းရှိ ရဿဝတီခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုပြီးနောက် နံနက် ၇နာရီ ၃၀ မိနစ်တွင် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဝင်းက ဖတ်ကြားသည်။

ထို့နောက် ရှမ်း၊ ပလောင်၊ ပအိုဝ်းစသည့် တိုင်းရင်းသားရိုးရာ အကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ၂၀၂၂ခုနှစ်၊ စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုလက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)