မတ္တရာ ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၇၅နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(မတ္တရာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နံနက် ၅နာရီ၃၀မိနစ် အချိန်တွင် နိုင်ငံတော်အလံတင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ထို့နောက် နံနက် ၇နာရီ၄၀မိနစ်အချိန်တွင် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းမှ ဖတ်ကြားခဲ့သည်။ ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်ခဲ့သော အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာရေးစပ်ပြိုင်ပွဲ၊ မူလတန်းအဆင့် ပန်းချီနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့သောကျောင်းသားကျောင်းသူများကို မြို့နယ်စီမံအုပ်ချု်ပရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်တာဝန်ရှိသူများမှ ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ တက်ရောက်လာကြသူများအား (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)